မင်းသားကြီး ကျော်သူကတော့ အနုပညာနဲ့ ပက်သတ်လာရင် သူများထက်ပိုပြီး ဝါသနာပါသလို ပရဟိတစိတ်လည်း ပြင်းထန်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ကျော်သူက လက်ရှိမှာတော့ Covid-19 ရောဂါပိုးကူးစက်ခံခဲ့ရတာကြောင့် ဝေဘာဂီဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ကျော်သူက ဆေးရုံကိုလာတွေ့တဲ့ ဇနီးဖြစ်သူရဲ့ လက်ပြနှုတ်ဆက်ပုံကြည့်ပြီး နောက်ဆုံးမခွဲခွာခင် နှုတ်ဆက်သလိုပဲ စိတ်မှာထင်ခဲ့တယ်ဆိုတဲ့အကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။

“”ဗုဒ္ဓနည်းကျ နိုင်ငံရေး” ဆိုသည့်စာအုပ် တစ်အုပ်အား မိတ်ဆွေတစ်ဦးမှနေအိမ်သို့ဖတ်ဖို့လာပေးသဖြင့် ဇနီးဖြစ်သူမှ ဆေးရုံသို့ မဖြစ်မနေလာရောက်ပေးခဲ့သည်။ တကယ်တော့ ဗုဒ္ဓသည်နေရေး၊ရှင်ရေး၊ရပ်တည်ရေး၊ရှာဖွေရေး၊ရုန်းကန်ရေး စသည့် ဘဝ၏အရေးကိစ္စအဝဝတို့တွင် မိမိတို့၏စိတ် ထားတတ်ရန်အတွက် မိမိတို့၏မူလစိတ်ကို အဓိကဖေါ်ညွှန်းမှု၊မဇ္ဈိမပဋိပဋ္ဋာထားရှိရန် သင်္ခန်းစာများချမှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု မိမိထင်မြင်မိသည်။ ငါဟူသည်မရှိ၊ငါ ကိုဖြုတ်ခြင်းက အမှန် တရားကိုတွေ့မြင်မှုတည်း ဟူသောငြိမ်းချမ်းသည့်အဖြေကို ရှာဖွေပေးခြင်းဖြစ်သည်။ ယခု ရရှိသော”ဗုဒ္ဓနည်းကျ နိုင်ငံရေး” ဟူသော စာအုပ်အားမဖတ်ရှုခင် ကတည်းက မိမိသည် ​ဝေဘာဂီဆေးရုံရှိ ကိုဗစ်ကူးစက် ရောဂါကုသရေးသို့ရောက်ရှိကုသမှုခံနေရသည် မှာ(၁၇)ရက်ရှိနေပေပြီဖြစ်သည်။ ထို(၁၇)ရက်အတွင်း ဝေဒနာရှင် အသီးသီး တို့၏ခံစားမှုမျိုးစုံအားသိမြင်၊ကြား သိ၊တွေ့ရှိ ခဲ့ရသည်။”

“ပြင်းထန်သောလူနာ၊ ပေါက်ကွဲလူနာ၊စိတ်လျော့လူနာ၊ကျဆုံးလူနာစသည့် ဖြစ်ရပ်မျိုးစုံကို နေ့/ည မလွဲ အချိန်ပြည့် သိမြင်နေရ၍ ဗုဒ္ဓဟောကြားခဲ့သည့် အနိစ္စ၊ဒုက္ခ၊အနတ္တ ကိုထင်ရှားသိမြင်နေရပြီဖြစ်သည်။ ဖြစ်/ပျက်တို့သည်အချိန်နှင့်တစ်ပြေးညီ ပေါ်ပေါက်လျက်ရှိနေသည်။ “ငါ” ဟူသည် ပြုတ်လိုက်၊ပျောက်လိုက်၊ပေါ်လိုက်၊ရှိလိုက် ဂဏာမငြိမ်ဖြစ်နေရသည်။ ဘုရားအာရုံပြု၊ရှစ်ခိုးပူဇော်၊အဓိဋ္ဌာန်ယူ၊ပုတီးစိတ်၊တရားထိုင်လိုက်ပါမှ “ငါ”ဟူသည် ရေးရေးပြုတ်ခဲ့သည်။
ယနေ့ နေ့လည်ဇနီးမှလာရောက်၍ စာအုပ် လာပေးစဉ် ငါ့မိန်းမဟူသည်စိတ်၌မရှိ၊ငါ့ဇနီးဟူ၍လည်းစိတ်တွင်မပေါ် ခဲ့ချေ။ ဖုန်းဖြင့်ပြောပြီးဇနီးက ပြန်မည်အပြု မိမိ၏လက်သည် အလိုအလျောက် သည်ဖက်ရှိ မှန်တံခါးမျက်နှာပြင်ပေါ်သို့ရောက်သွားတော့သည်။”

“မိမိ၏ဇနီးဖြစ်သူ၏လက်ဝါးသည်လည်း ဟိုမှာဖက်က မှန်တံခါးပေါ်သို့ တင်လာတော့သည်။ စိတ်ထဲတွင်တော့ ငါ့မိန်းမပြန်တော့မလို့ လက်ပြနူတ်ဆက်အုံးမှဟူသော အတွေးလုံးဝမရှိကြောင်းသေချာ၏။ လူသားအချင်းချင်း တွေ့ကြ၊ဆုံကြ၊ကွဲကြရသကဲ့သို့ နောက်ဆုံးမခွဲခွါခင် နူတ်ဆက်ကြသကဲ့သို့သာ စိတ်မှာပေါ်ပေါက်လာမိသည်။ ဇနီးဖြစ်သူသည်လည်း မိမိထက်တရားနှင့် မွေ့လျော်နေသူမို့ မိမိကဲ့သို့ပင်စိတ် သန္ဓေ၌ “ငါ” ကင်းမဲ့ဇုံဖြစ်နေမည်ဟု ယုံကြည် လျက်……။ ကိုဗစ်ရောဂါဝေဒနာရှင်များနှင့် အစွမ်းကုန် သက်စွန့်ဆံဖျား ကုသပေးနေသော ဆရာဝန်၊ဆရာဝန်မများ၊ကျန်းမာရေးဝန် ထမ်းများ၏ ရင်တွင်းဖြစ် ကိုယ်ချင်းစာနာစိတ် ဖြင့်ပေါ်ပေါက် လာသော အနိစ္စ ၊ဒုက္ခ၊အနတ္တ ခံစားချက်မျှသာဖြစ်ပေသည်။” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာပါတယ်။

ကျော်သူကတော့ ကျန်းမာနေတယ်ဆိုပေမယ့် တရားသဘောနဲ့ ဆင်ခြင်ပြီး ဖြစ်ပျက်သဘောတရားကို ဆင်ခြင်မှတ်ရှုနေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Thu’s fb
Bilie – Cele Connections
ယူနီကုဒ်ဖြင့်ဖတ်ရန်