မိတ်ဆွေသူငယ်ချင်းတွေ အခက်အခဲရှိတိုင်းမှာ ဘေးနားကနေအမြဲရှိနေပေးတဲ့ မီးမီးခဲအကြောင်း ကိုယ်တွေ့ဖြစ်ရပ်ကို ပြောပြလာတဲ့ ရေဗက္ကာဝင်း

အဆိုတော် မီးမီးခဲက မနေ့က အောက်တိုဘာလ (၁၆) ရက်နေ့မှာပဲ သူမနေထိုင်ရာ သြစတေးလျနိုင်ငံမှာပဲ ကွယ်လွန်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ မီးမီးခဲကတော့ ကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး နောက်ဆုံးအချိန်ထိတိုင် ကင်ဆာဝေဒနာကို ခံစားခဲ့ရတာပဲ ဖြစ်ပါတယ်။ မီးမီးခဲရဲ့ မိတ်ဆွေ သူငယ်ချင်းတွေကလည်း မီးမီးခဲနဲ့ ပက်သတ်တဲ့ အမှတ်တရတွေကို ပြန်လည်သတိတရပြောပြရင်း အဆိုတော် ရေဗက္ကာဝင်းကလည်း မီးမီးခဲနဲ့ ပက်သတ်တဲ့ အမှတ်တရတစ်ခုကို ပြန်လည်ပြောပြလာခဲ့ပါတယ်။

“လွန်ခဲ့တဲ့ ၁၃နှစ်လောက်တုန်းက ကျွန်မရယ် မရတနာဦး မဆုန်သင်း မဇမ်နူး မမီးခဲ ဆရာစံပီး တို့ကို ဦးအောင်ဒူးကနေ ဦးစီးပြီး Christian Musician Fellowship အနေနဲ့ ဘန်ကောက် မလေးရှား စင်ကာပူကို ဓမ္မတေးတွေချီးမွမ်းဖို့ ခရီးထွက်ခဲ့ကြပါတယ်။ ခရီးစဉ်က တစ်လခွဲလောက်ကြာ ပင်လဲပင်ပန်း ပျော်စရာလဲကောင်းပြီး ကျွန်မတို့ အဲ့ဒီခရီးစဉ်မှာ တစ်ယောက်နဲ့တစ်ယောက်အရမ်းရင်းနှီးချစ်ခင်စေခဲ့တယ်လို့ပြောရမှာပါပဲ။ ကျွန်မတို့ ယိုးဒယားနိုင်ငံ ဖူးခက်မှာ ဂုဏ်တော်ချီးမွမ်းခြင်းနဲ့ ဟောပြောသက်သေခံဖို့ စင်နားမှာစောင့်နေတုန်း ဆရာစံပီးက ရုတ်တရက်အမောဖောက်လာပြီး သတိလစ်သွားခဲ့ပါတယ် အဲ့တုန်းက ဆရာက ဓမ္မဆရာမဟုတ်သေးသလို အားလုံးနဲ့သူငယ်ချင်း လူငယ်ဓမ္မအဆိုတော်ဖြစ်စပဲရှိပါသေးတယ်။”


“အဲ့တုန်းက အရေးပေါ်ဌာနကို မဇမ်နူးနဲ့ မမီးခဲက ဆေးရုံကားပေါ် ဆရာစံပီးနဲ့လိုက်သွားခဲ့တယ်။ ကျွန်မရယ် မရတနာဦးရယ် မဆုန်သင်းရယ်က အစီအစဉ်မပျက်သွားအောင် စင်ပေါ်မှာ ဆက်ပြီး ထိန်းထားခဲ့ပါတယ်။ ကျွန်မတို့မှာ စိုးရိမ်စိတ်တွေရှိခဲ့ပေမယ့် အစီအစဉ်အတိုင်းဆက်လုပ်ခဲ့ပါတယ်။ ဆေးရုံမှာ ဆရာစံပီးက အောက်စီဂျင်ပေးထားရပြီး သတိရတချက်မရတချက်ဖြစ်နေတဲ့အချိန်မှာ မမီးခဲက ရှိုက်ကြီးတငင်ငိုပြီး အားလုံးကိုအခုလိုမထားသွားဖို့ အမြန်အသက်ရှင်လာဖို့ပြောခဲ့တယ်လို့ နောက်ပိုင်းဆရာစံပီးတရားဟောချက်တွေမှာ ထည့်ပြောလေ့ရှိပါတယ်။ ဆရာပြောလေ့ရှိတာက >အဲ့တုန်းက ကျွန်တော်ကမျှောသလိုဖြစ်နေပြီ သတိရတချက်မရတချက် အဲ့မှာ မီးခဲက ကျွန်တော့်လက်ကို လှုပ်လှုပ်ပြီး နှပ်ရည်တွေရော မျက်ရည်တွေရောနဲ့ ခေါ်နေတာ ကျွန်တော်ကြားရတယ်လို့ နေကောင်းကျန်းမာပြီး အမှုတော်ဆောင်တဲ့အချိန်တွေမှာ ဟာသနှောပြီးပြောလေ့ရှိပါတယ်။ အဲ့နောက်ပိုင်း ဆရာစံပီးက ကိုယ်တွေ့သီချင်းကိုရေးခဲ့တယ်။ ကျွန်မတို့လဲ အမြဲမဆုံဖြစ်ကြပေမယ့် သတိရနေကြ အမှတ်ရနေကြပါတယ်။ ကျွန်မတို့ အဲ့နောက်ပိုင်းလဲ ခရီးတွေ အလုပ်တွေ အများကြီး အတူသွားခဲ့ လုပ်ခဲ့ကြတယ်။”

“ဒီညတော့ ဆရာစံပီးပြန်ငိုရမယ့်အလှည့်လို့ထင်ပါတယ်။ ဆရာလဲ မမီးခဲကိုလိုက်မခေါ်နိုင်တော့ပါဘူး။ ကျွန်မတို့တွေ ဘယ်သူမှလဲ ပြန်မခေါ်နိုင်တော့ဘူး။ စိတ်သဘောထားကောင်းပြီး ချစ်စရာကောင်းသော အဆိုပညာကို ကျွမ်းကျင်ပါးနပ်ရုံသာမက သီချင်းရေးလဲကောင်းသော မမီးခဲ…ကျွန်မသီချင်းရေးပြီးတိုင်း သူ့ကိုဆိုပြဖြစ်ပြီး သူကိုယ်တိုင်ကလဲ ကျွန်မအတွက် သီချင်းတစ်ပုဒ်လက်ဆောင်ပေးခဲ့ဖူးပါတယ်။ ကျွန်မတို့ တချို့အချိန်တွေကပြန်မရတော့ဘူးဆိုတာကို သိပါတယ် ကျွန်မတို့ တချိန်အဖဘုရားသခင်ရဲ့ အိမ်တော်မှာ ပြန်ဆုံမယ်။ ကောင်းမွန်စွာ အိပ်စက်အနားယူပါတော့ မမီးခဲ 😔😔” ဆိုပြီး အမှတ်တရပြောပြလာပါတယ်။

မီးမီးခဲကတော့ ကွယ်လွန်သွားချိန်မှာ သားသမီးသုံးယောက် ကျန်ရစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မီးမီးခဲတစ်ယောက် ကောင်းရာဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်ဖို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Rebecca Win’s fb
Bilie – Cele Connections
ယူနီကုဒ်ဖြင့်ဖတ်ရန်

error: Alert: Content is protected !!